ပညာရှာဖွေရေးအခက်အခဲနဲ့အသိတစ်ခုရဖို့ခြစ်ခြုတ်ပြီးရှာကြံရတဲ့ဒုက္ခကို အစောပိုင်း ထောင်ထဲရောက်ခဲ့သူတွေကတော့ ကောင်းကောင်းသဘောပေါက်တယ်။ ဘ၀တက္ကသိုလ်လို့ နာမည်လှလှတပ်ထားပေမဲ့ ထောင်ထဲရောက်လာတဲ့ နိုင်ငံရေးသမားတစ်ယောက်အတွက် ပညာရှာဖွေရတဲ့ ဒုက္ခဟာ တော်တော်ကြီး ကြီးမားတာကိုတွေ့ရတယ်။ စာရွက်လေး လက်နှစ်လုံးလောက် ခဲတံလေး လက်တစ်ဆစ်လောက်ဟာလည်း ရက်ရှည် စစ်ခွေးလို့ခေါ်တဲ့ ငရဲခန်းထဲကို ပို့ဆောင်နိုင်တဲ့ အရာတွေပဲဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပဲ နှိပ်ကွက်မှုတွေ ရှိပါစေ။ လိုချင်တဲ့ ပညာကို အရိုက်ခံ တိုက်ပိတ်ခံပြီး ရှာကြံခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ဇွဲကိုတော့ ဦးညွတ်မိတယ်။ ဘာစာရွက်မှ မရှိ၊ ဘာခဲတံမှမရှိတဲ့ ဒီလိုနေရာမှာ ရအောင် သင်ကြားခဲ့ကြတဲ့ သင်ကြားရေး အထောက်အကူပစ္စည်းကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ရှေ့က လူများရဲ့ ကြံဆောင်မှုကိုလည်း လေးစားမိပြန်တယ်။ အပြင်လောကမှာ အမှိုက်လို့ စွန့်ပစ်ခံရတဲ့ ပစ္စည်းတချို့ဟာ ထောင်ထဲမှာ အဖိုးတန်ပစ္စည်းဖြစ်နေတာကို တွေ့ရတယ်။
ပလတ်စတစ်အိတ်တွေဟာ အပြင်မှာဆို အမှိုက်ပုံထဲ တောင်လိုပုံနေမယ့် အရာပါ။ ဒါပေမဲ့ ထောင်ထဲမှာ တန်ဖိုးအရှိဆုံး အလိုအပ်ဆုံးပစ္စည်းထဲမှာ သူလည်း တစ်ခုအပါအ၀င်ဖြစ်တယ်။ ပလတ်စတစ်ကို အသုံးပြုပြီး လောင်စာသုံးတယ်။ ပလတ်စတစ် ဖြူဖြူလေးတွေကို စုပြီး ကြိုးဆွဲ၊ ကြိုးကျစ်ပြီး အိတ်လှလှလေးတွေ ထိုးတယ်။ အစကတော့ ပလတ်စတစ်ကို ဒီလောက်ပဲ အသုံးဝင်တာလို့ ထင်ထားခဲ့တာ။ ထောင်ထဲ ရောက်ရောက်ချင်းမှာ ဒါကိုပဲ တွေ့ဖူးသေးတာကို။ အခုတွေ့လိုက်ရတာက မြင်နေကြ အရာထက် ပိုတဲ့ အသုံးဝင်မှုတစ်ခုကို တွေ့လိုက်ရတယ်။ ကြည့်မြင်တိုင်က ကိုမြတ်သူရက သူ့ကို အဘိဓမ္မာ သင်ပေးဖို့ ဦးဇင်းကို လာကမ်းလှမ်းတယ်။ ဦးဇင်းကလည်း လိုလိုလားလားပဲ သူသိချင်တဲ့ အဘိဓမ္မာကို ပြပေးဖို့ သဘောတူလိုက်တယ်။ ခက်တာက သင်မည့်လူနဲ့ သင်ပြမည့်သူ ရှိပေမဲ့ ဘယ်လိုသင်ရမလဲဆိုတဲ့ ကိစ္စပဲ။ သူနဲ့ ကိုယ်နဲ့ တွေ့ဖို့က ၁၅ မိနစ်ပဲ အချိန်ရတယ်။ ဒီ ၁၅ မိနစ်အတွင်းမှာ အဘိဓမ္မာကို နားလည်အောင် ဘယ်လိုရှင်းပြမလဲ။ ဒီလိုအခက်အခဲနဲ့ ကြုံတယ်။ ဒါပေမဲ့ ဒီအခက်အခဲကို ဦးဇင်းတို့ ကျော်လွှားနိုင်ခဲ့တယ်။ ဒါကတော့ ပလတ်စတစ်အိတ်ဖြူဖြူကို ထုံးပေနေတဲ့ နံရံမှာ ပွတ်တိုက်လိုက်တယ်။ မှုန်ဝါးဝါး ဖြစ်သွားတဲ့ ပလတ်စတစ်ပေါ်မှာ သွပ်နန်းကြိုးလို လက်တစ်ဆစ်လောက် သံချောင်းလေး ဒါမှမဟုတ် ၀ါယာကြိုး ကြေးနန်းတိုတိုလေးဟာ ပလတ်စတစ်မှာ ရေးဖို့ ကလောင်တံဖြစ်လာတယ်။ အဲဒီလိုနဲ့ ပလတ်စတစ်ပြားပေါ်မှာ သင်္ဂြီုဟ် ကိုးပိုင်းလုံးကို မျှဝေပေးနိုင်ခဲ့တယ်။ ဒါကလည်း လွတ်လွတ်လပ်လပ် မဟုတ်ဘူး။ အာဏာပိုင် တစ်ယောက်ယောက် အချွန်အတွန်းလုပ်တဲ့ အကျဉ်းသားတစ်ယောက်ယောက်ကများ အတို့အထောင်လုပ်လိုက်ရင် သင်သူရော သင်ပြသူရော နှစ်ယောက်စလုံး စစ်ခွေးတိုက်ကို ရက်ရှည်ခရီး ချီတက်ရလိမ့်မယ်။ စွန့်စွန့်စားစား ပညာရှာဖွေကြရတဲ့ အချိန်ကာလတွေပေါ့။
နောက်သာယာဝတီထောင်ရောက်တော့ အင်းစိန်ထက်စာရင် နည်းနည်းလေးတော့ လူးသာလွန့်သာ ရှိလာတယ်လို့ဆိုရမယ်။ စာသင်တဲ့ ပစ္စည်းတွေကို ပလတ်စတစ်ပေါ် သံချွန်နဲ့ ရေးရတဲ့ အနေအထားကနေ မယ်လမင်း ပန်းကန်ပြားပေါ်ခဲတံနဲ့ ရေးရတဲ့ အနေအထားသို့ တိုးတက်သွားတယ်။ ဒါကလည်း ရှာဖွေလေ တွေ့ရှိလေ ဆိုတဲ့ စကားအတိုင်း တွေ့ရှိသွားခဲ့ကြတာ။ မယ်လမင်းပန်းကန်းပြားပေါ် ဒီအတိုင်း ခဲဆံနဲ့ ရေးလို့ကတော့ ဘာစာလုံးမှ မထင်ဘူး။ အုတ်နီခဲမှုန့် စတဲ့ အမှုန့်လေးတွေနဲ့ ပန်းကန်းပြားရဲ့ မျက်နှာပြင် ချောမွတ်နေမှုကို ခပ်နာနာလေး ပွတ်တိုက်ပေးလိုက်မှ မျက်နှာပြင်အပေါ် စာရေးလို့ရတယ်။ ခဲဆံကတော့ ၀န်ထမ်းကို မတန်တဆ ကြေးကြီးကြီး ပေးပြီး သွင်းခိုင်းရတယ်။ ခဲတံတစ်ချောင်းလုံးဆိုရင် သွင်းပေးသူရော အသွင်းခိုင်းသူပါ အန္တရာယ်ကြီးကြီးကို ကြုံတွေ့နိုင်မယ်မှန်းေ သိရက်နဲ့ လုပ်ကြရတာ။ သွင်းပေးတဲ့ ၀န်ထမ်းကအလုပ်ပြုတ် ထောင်ကျတဲ့အထိ ဖြစ်နိုင်သလို သွင်းခိုင်းတဲ့ အကျဉ်းသား ထောင်ဝင်စာပိတ် တိုက်ပိတ် (ထောင်ပိုင်ဝင်းမြင့်တို့ လူလှတို့လို ခပ်ဆိုးဆိုး ထောင်ပိုင်တွေနဲ့ တွေ့ရင်) အရိုက်ခံရမှာတွေကို သိရက်နဲ့ ပညာလိုချင်လွန်းလို့ စွန့်စားကြရတာ။ခဲတံက တစ်ချောင်းလုံးသွင်းလို့ရတာမဟုတ်ဘူး။ ယူလာခဲ့ရမည့် ၀န်ထမ်းကလည်း တစ်ချောင်းလုံး မယူရဲဘူး။ ခဲတံကိုခွဲ အထဲက ခဲဆံကို လက်တစ်ဆစ်လောက်လေးတွေ ဖြတ်ပြီး ယူလာခဲ့ရတာ။ လမ်းမှာမိလို့ကတော့ ၀န်ထမ်း ခံရောဘဲ။ အဲဒီလို ၀န်ထမ်းက ခဲရာခဲဆစ်သွင်းလာတဲ့ ခဲဆံဟာ တံမြက်စည်းတံထဲမှာစွပ် သရေပင်နှင့် ပတ်ပြီး ထောင်တွင်းဖြစ်ခဲတံကို ဖန်တီးတယ်။ တစ်ချိန်လုံး တံမြက်စည်းတံထဲ ခဲဆံကို တပ်ထားလို့မရဘူး။ စာသင်ပြီးတာနဲ့ တစ်နေရာဆီထားရတယ်။ ခဲဆံကိုဖြုတ်ပြီး လုံးခြုံတဲ့နေရာမှာ ၀ှက်ရတယ်။ မယ်လမင်းပန်းကန်ပြားပေါ်ရေးထားတဲ့ စာကိုလည်း အမြဲတမ်း သတိထားနေရတယ်။ ရှာဖွေရေးလို့ အသံကြားလိုက်တာနဲ့ မယ်လမင်းပန်းကန်ပြားပေါ်က စာတွေကို အမြန်ဖျက် မဖျက်မိလိုက်လို့ ရှာဖွေရေး တွေ့သွားရင် အဖြေကောင်းရင်ကောင်း၊ အဖြေမကောင်းလို့ကတော့ မီးခိုးကြွက်လျှောက် တသီကြီး ခံရရော။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခက်အခဲတွေကြားကပဲ စာတွေအများကြီး သင်ခဲ့ကြရတယ်။ အန္တရာယ်ကြားထဲက စွန့်စွန့်စားစား ရယူခဲ့ရတယ်။ တချို့က အင်္ဂလိပ်စာ၊ ဒေါက်တာ အေးချမ်းလို ဆရာသမားတွေနဲ့ ကြုံသူတွေက ဂျပန်စာတွေကို သင်ရတယ်။
နောက်သင်တန်းတစ်ခုကို ထူးထူးခြားခြားတွေ့ဖူးတယ်။ ပန်းချီဆရာကြီး ဦးခင်မြင့်အောင် အဆောင်ကနေ တိုက်ကိုရောက်လာတော့ ပညာသင်ပေးမည့်သူ တစ်ယောက်တိုးလာတယ်။ ဦးခင်မြင့်အောင် အဆောင်မှာနေစဉ်ကလည်း သူ့ရဲ့ ပညာတွေကို ရဲဘော်တွေကို ဝေငှတယ်လို့ သိရတယ်။ အခုလည်း သူ့ဆီက ပညာတွေကို တိုက်မှာဝေငှတယ်။ သူ့ရဲ့ သင်တန်းက ဘာအထောက်အကူပစ္စည်းမှ မရှိလည်း မြေကြီးနဲ့ ခဲလုံးရှိရင် သင်တန်းလုပ်လို့ရတယ်ဆိုပဲ။ သူ့သင်တန်းသားတွေကို မျဉ်းကြောင်းအကြောင်းတွေ အုတ်နီခဲနှင့် ကြမ်းပြင်မှာ ရေးခြစ်ပြီး သင်ပေးခဲ့ရတယ်ဆိုတာကို သူကပြောပြတယ်။ အခုတော့ ထောင်ထဲမှာ အဆင့်မြင့်နေပြီ။ မယ်လမင်း ပန်းကန်ပြားနှင့် ခဲဆံတွေက သူ့သင်တန်းကို များစွာ အထောက်အကူပြုတယ်။ သူ့ရဲ့ သင်တန်းသားတွေကတော့ (၈၈) ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၊ ရမည်းသင်းက ကိုကျော်ဆွေ၊ မန္တလေး က ကိုအောင်မြင့်၊ မှော်ဘီက ကိုခင်မောင်ကြည် ဒါသူ့သင်တန်းသားတွေ ဦးဇင်းတို့ကတော့ သူတို့ ပန်းချီဆွဲရင် အလှည့်နဲ့ မော်ဒယ်ထိုင်ပေးရတယ်။ နောက်တော့ ရောင်စုံဆေးတွေကိုပါ စွန့်စွန့်စားစား အထဲရောက်အောင် သွင်းယူကြတယ်။ သူ့ပန်းချီသင်တန်းက ပန်းချီပြပွဲတွေကို နှစ်ခါ သုံးခါလောက် လုပ်တာကြုံလိုက်ရတယ်။ ကန္တာရတောထဲမှာ တွေ့လိုက်ရတဲ့ အိုအေစစ်လေးပါဘဲ။ သောကတွေ၊ ဒုက္ခတွေ၊ အခက်အခဲတွေကြားက အနုပညာ ထုတ်ကုန်တွေကို ရဲဘော်တွေ ဖန်တီးလိုက်နိုင်တယ်။
ဦးဇင်းတို့ထောင်ထဲမှာ အဆင့်မြင့်ပညာတွေကို အရည်အချင်းမှီမှီ ပြန်လည်ဝေငှနိုင်သူတွေ အမြောက်အများပါပဲ။ တက္ကသိုလ်အဆင့်မှီ ဆရာတွေ တကယ့် ပရောဖက်ရှင်နယ် ပညာရှင်တွေ အများကြီးပါပဲ။ လွတ်လပ်စွာ သင်ယူခွင့်ကို ပြင်းပြင်းထန်ထန် အကန့်အသတ်ခံရခြင်းကသာ အားလုံးအတွက် အခက်အခဲဖြစ်တာပါ။ အာဏာရှင်တွေရဲ့ စိတ်ထဲမှာတော့ ဒီလူတွေ စာတွေဖတ်၊ အသိပညာတွေ ဒီထက်မကတိုးလာရင် ငါတို့ကို ပိုဆန့်ကျင်မယ်။ ဒီအကြောက်တရားက ထောင်ထဲက လူတွေရော၊ ထောင်အပြင်ကလူတွေပါ အကန့်အသတ်ခံနေရတာပါ။ အဲဒီတော့ ကိုယ့်တိုင်းပြည်ကို ကမ္ဘာ့အလယ်မှာ အဆင့်အတန်းနှိမ့်ကျတဲ့ ဘ၀ကို ရောက်ရတော့တာပေါ့။
ရှာဖွေရေး အသံကြားရင် ကိုယ့်အနီးအနားက ပြဿနာ ရှာနိုင်တဲ့ ပစ္စည်းတွေကို ၀ှက်ကြရတယ်။ မ၀ှက်မိလို့ကတော့ ထောင်ဝင်စာပိတ်တာ တိုက်ပိတ်တာတွေနဲ့ တစ်ဦးတည်း အထီးကျန် အထားခံရမှာ ကျိန်းသေတယ်။ တခါက ဒေါက်တာ အေးချမ်းပြောဖူးတာ ရှာဖွေရေးလာတုန်း သူ့ဆီမှာ စာရွက်စာတမ်းတွေက အပြည့် နောက်ဆုံး တစ်ရွက်ဆီကို ဆွဲစုတ်၊ စွန့်ထားပြီးသား မိလ္လာခွက်ထဲကို စာရွက်အစအနတွေကို လက်နဲ့ ထိုးထည့် ပြာနဲ့ ပြန်အုပ် ပေရေနေတဲ့လက်ကို အ၀တ်စုတ်နဲ့ သုတ်ထားပြီး ခပ်တည်တည်နဲ့ နေလိုက်တယ်။ ဒီလိုနဲ့ ရှာဖွေရေးကို သူကျော်လွှားလိုက်ခဲ့တယ်ဆိုတာကို ပြောပြဖူးတယ်။ နောက်တစ်ယောက်ကတော့ သတင်းစာ တစ်စောင်လုံးကို ရေနဲ့ စိမ်၊ ၀ါးစားပြီး မျိုချပစ်လိုက်တယ်။ ရှာဖွေရေးကို ကျော်ဖြတ်နည်းတွေကတော့ အမျိုးစုံပဲ။ လွတ်သွားတာလည်း ရှိတယ်။ မလွတ်ဘဲ ခံလိုက်ရတာလည်းရှိတယ်။
ကြုံလို့ ခံခဲ့ရတာလေးတစ်ခု ပြောပြချင်သေးတယ်။ ၉၆ ခု ဒီဇင်ဘာလဆန်းမှာ တစ်မနက်ခင်း
“ရှာဖွေရေး ရှာဖွေရေး”လို့
အထိတ်တလန့် အော်လိုက်တဲ့ အသံက ဦးဇင်းတို့ တစ်တိုက်လုံးကို အလန့်တကြား ဖြစ်သွားစေတယ်။ အနီးအနားမှာ ပြဿနာ ရှာနိုင်တဲ့ ပစ္စည်းကို စဉ်းစားလိုက်တော့ မနေ့ကမှ ကိုယ့်လက်ထဲရောက်လာတဲ့ ကဗျာစာရွက် တစ်ရွက်ကို သွားတွေ့တယ်။ ကဗျာဆိုရင် ကိုယ်ကလည်းမြတ်နိုး၊ လက်တစ်ဝါးလောက် စာရွက်ကလေးကို ကိုယ်တိုင်ပဲ တာဝန်ယူချင်တယ်။ မဖြဲလည်း မဖြဲရက်ဘူး။ ဒါနဲ့ ဖွဲပြာအိတ်ထဲ ထိုးထည့်ထားလိုက်တယ်။ တစ်ခါမှ ပြာအိတ်ကို လှန်လှောပြီး ရှာတာ မကြုံခဲ့ရဘူးတော့ အေးဆေးပေါ့။ ဒီလိုပဲ ထင်ခဲ့တာ။ ရှာလိုက်တဲ့ ကိုယ်တော်တွေ စေ့စပ်လိုက်တာမှ ပြာအိတ်ကို သွန်ပါလေရော လွန်ခဲ့တဲ့ မိနစ်ပိုင်းကမှ ထိုးထည့်ထားတဲ့ ကဗျာစာရွက်ခေါက်လေးက ထွက်ကျလာတယ်။ ကဗျာဆရာရဲ့ နာမည်ပါ ပါလာတော့ ကဗျာဆရာက ဘယ်လိုနည်းနဲ့မှ ရှောင်လို့မလွတ်နိုင်တော့ဘူး။ လမ်းဘေးက ကောက်ရတယ်လို့ ဖြေပြန်ရင်လည်း ကိုယ်သာလွတ်ချင်လွတ်မယ်။ ကဗျာဆရာကတော့ ဘယ်လိုမှ မလွတ်နိုင်ဘူး။ ဒီလိုနဲ့ ဦးဇင်းတို့ ကဗျာဆရာနှစ်ယောက်သား ဒီဇင်ဘာ ဆောင်းညရဲ့ ချမ်းအေးတဲ့ ဒဏ်ကို ကဗျာတွေနဲ့ ခုခံဖို့ ပြစ်ဒဏ်တိုက်ရဲ့ အခန်းတစ်ခုထဲမှာ နှစ်ယောက်သားဝင်ရောက်သွားခဲ့ကြတယ်။
ကဗျာဆရာ ကိုဖြိုးထိန်နဲ့ ဦးဇင်း ထောင်ထဲမှာ ပတ်သတ်ခဲ့ရတာက ပြစ်ဒဏ်တိုက်ထဲမှာလို့ဆိုရမယ်။ နေ့ရော ညရော ချမ်းအေးနေလို့ အခင်းလည်းမရှိ၊ ခေါင်းအုံးလည်းမရှိ၊ တမံသလင်း ကြမ်းပြင်ပေါ်မှာ ငိုက်လိုက်၊ တစ်ယောက်တစ်လှည့် ကဗျာရွတ်လိုက်နဲ့ ပစ်ဒဏ်နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ရတယ်။ ကိုဖြိုးထိန်အတွက် မမေ့နိုင်တဲ့ ထောင်တွင်းနေ့ရက်တွေကို ပြောရင် ကဗျာကြောင့် တိုက်ပိတ်ခံရတဲ့ အဲဒီနေ့ရက်တွေကို သူပြောမှာမလွဲဘူး။ ပြစ်ဒဏ်တိုက်ထဲ နှစ်ယောက်အတူနေတုန်း ကဗျာကြောင့် တိုက်ပိတ်ခံရတာကို သူက၀မ်းသာမဆုံးဖြစ်နေတယ်။ ပြစ်ဒဏ်ကို ဆုလာဒ်လို့ သတ်မှတ်ရဲတဲ့ ကဗျာချစ် စိတ်ဓာတ်ကတော့ လေးစားစရာပါ။ ကိုဖြိုးထိန်ရဲ့ ထောင်တွင်းကဗျာရေးနည်းကတော့ ခဲဆံမလို၊ ပလတ်စတစ်မလို ရေးနည်းဆိုတာကို သိခဲ့ရတယ်။ စိတ်နဲ့ ရေးတဲ့ ကဗျာတဲ့။ ဦးဇင်း ထောင်ထဲမှာ ကဗျာတွေ အများကြီး ရေးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကိုဖြိုးထိန်လို စိတ်နဲ့ ရေးနည်းမဟုတ်တော့ အားလုံးပျောက်ပျက်ကုန်တယ်။ တချို့တစ်ဝက်သာ မှတ်မိတော့တယ်။ ကိုဖြိုးထိန်ကတော့ ရေးထားသမျှအားလုံးကို ပြန်လည်သယ်ဆောင်သွားနိုင်မှာ အမှန်ပဲ။ စိတ်ထဲက စာရွက်ကို ဘယ်သကောင့်သားကမှ ပြစ်ဒဏ်မပေးနိုင်ဘူးလေ။ အခုတော့ အိုင်စီအာစီရဲ့ ကျေးဇူး၊ အပြင်က မီဒီယာတွေရဲ့ ကျေးဇူးတွေကြောင့် ထောင်ထဲမှာ လုပ်ချင်သလိုလုပ်လို့ မရတော့တဲ့ အနေအထားတွေဖြစ်လာပြီ။ ဒါတောင် လစ်ရင်လစ်သလို ပညာပြခြင်းကို နိုင်ငံရေးသမားတွေ ခံနေရတယ်။ ငါတို့က အပြင်မှာနေတာပဲ။ ထောင်ထဲက လူတွေအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးလို့ ဥပေက္ခာစိတ်တွေ မမွေးကြပါနဲ့။ အပြင်လောကရဲ့ ကိုယ့်ရဲဘော်တွေအတွက် ပြောကြားလိုက်တဲ့ အသံတွေဟာ ကိုယ့်ရဲဘော်တွေရဲ့ ကျောပေါ်ကျရောက်တော့မယ့် ဒုတ်ချက်တွေကို ဟန့်တားပေးနေတာပါ။ သူတို့ ဆုံးရှုံးတဲ့ အခွင့်အရေးတွေကို ၀ိုင်းဝန်း တိုက်ပွဲဝင်ပေးနေကြပါ။ ဒါမှလည်း ကိုယ့်ရဲဘော်တွေ ဒုက္ခထဲ၊ ငရဲထဲမှာ လူးသာလွန့်သာ အနေအထားကို ရရှိမှာပါ။ သူတို့လက်ခုပ်ထဲမှာ လုပ်ချင်သလိုလုပ်ခွင့် ကို စစ်ပါးကွက်သားတွေ လက်ထဲရှိနေတုန်းပါပဲ။ အများအကျိုးအတွက် ဘ၀တွေ အချိန်တွေ ပေးဆပ်နေရသူတွေအတွက် ဘာရုပ်ဝတ္ထုပစ္စည်းမှ မကမ်းလှမ်းနိုင်ရင်တောင် သူတို့လွတ်မြောက်ရေးအတွက် တတ်နိုင်တဲ့ဘက်က စကားသံတွေ ထုတ်လုပ်ပေးကြပါ။ ဒီလိုလုပ်ပေးတာဟာ ဘ၀နဲ့ ရင်းပြီး လုပ်ဆောင်နေကြသူတွေကို ကူညီရာရောက်ပါတယ်။
အရှင်ဇ၀န
နိုင်ငံရေး အကျဉ်းသားဟောင်း

No comments:
Post a Comment