Saturday, 10 March 2012

မပြီးသေးသောပန်းချီကားချပ်များ





အချိန်ကာလရဲ့ ဖုံးအုပ်ခြင်းကို ခံရတဲ့ အဖြစ်အပျက်တစ်ခုဟာ မှတ်ဥာဏ်အခန်းရဲ့ တစ်ထောင့်တစ်နေရာမှာ ကွယ်ပျောက်နေပါတယ်။ ဒါပေမယ့် အမှတ်မထင် နှိပ်မိတဲ့ ခလုတ်တစ်ခုက ဒီအဖြစ်အပျက်ကလေးကို တစ်ခုစီတစ်ခုစီ အစီအရီ ပေါ်လာစေပါတယ်။ ကွန်ကရစ်တော၊ သံမဏိတံခါးနဲ့ သော့အထပ်ထပ်ကြားမှာ ဘဝတွေ၊ အိပ်မက်တွေကို မြှုပ်နှံသဂြိုဟ်ပစ်ပေမယ့် မသေအောင်တည်ဆောက်၊ ရှင်သန်အောင် ရုန်းထရတဲ့အထဲမှာ ကဗျာတွေ၊ စာတွေအပြင် ပန်းချီသင်တန်းလေး တစ်ခုကိုပါ တည်ဆောက်ဖြစ်ခဲ့ကြတယ်။
ပန်းချီဆရာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းမှာ ကိုဌေးကြွယ်၊ ကိုကျော်ဆွေ၊ ကိုစိုင်းတို့ဟာ သင်တန်းသားတွေ ဖြစ်ကြတယ်။ သူတို့ရဲ့သင်တန်းက မကြာခဏ ပန်းချီပြပွဲတွေကို ခင်းကျင်းနိုင်ခဲ့တယ်။ ဓာတ်ခဲထဲက ထုတ်လို့ရတဲ့ ခဲချောင်းကို အမှုန့်လုပ်၊ ပုံစံအင်္ကျီ ပုဆိုးစကိုဆုတ်ဖြဲပြီး ပန်းချီကားချပ်တွေကို ဖန်တီးခဲ့ကြတယ်။ ဒီပန်းချီပြပွဲတွေထဲက မှတ်မှတ်ရရ ဖြစ်စေတဲ့ ပန်းချီကားချပ်တစ်ခုရဲ့ အကြောင်းကို တွေးနေမိတုန်းမှာပဲ ကာယကံရှင်ရဲ့ စကားသံတွေက အတွေးကို ပိုပြည့်စုံသွားစေတယ်။
ထူးထူးခြားခြား မှတ်မိနေတဲ့ ပန်းချီကားကတော့ လှိုင်းတွေ မြင့်မားစွာ ဖြစ်ထွန်းနေတဲ့ ပင်လယ်ပြင်မှာ လှေငယ်တစ်စင်းကို လှော်ခတ်နေတဲ့ ပန်းချီကားလေးတစ်ခုပါ။ သာမန်အားဖြင့် ဘာမျှမဖြစ်လောက်ပေမယ့် ဒီပန်းချီကားဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းရင်းကို သိထားရတော့ ရင်ထဲမှာ နှစ်ရှည်လများ မပျောက်ပျက်နိုင်တဲ့ အသံတိတ် ကဗျာတစ်ခုအဖြစ် နှလုံးသားမှာ နေရာယူထားတယ်။
ဦးဇင်းတို့ ထောင်ထဲမှာ တစ်ယောက်ရဲ့သောကကို တစ်ယောက်က ဝင်ထမ်း။ တစ်ယောက်ရဲ့ရှိုက်သံကို တစ်ယောက်က မျှယူ။ ရင်အပူကို ဝိုင်းဝန်းငြိမ်းသတ်ပေးကြတဲ့ အလုပ်က ထောင်ကျနိုင်ငံရေးအကျဉ်းသားတွေမှာ တွေ့ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ နိုင်ငံရေး အထိမ်းအမှတ်နေ့တွေမှာ စုပေါင်းအခမ်းအနားတွေ လုပ်ကြသလို အပြင်လောကက မိခင်၊ ဖခင် တစ်ဦးဦးရဲ့ နာရေးကိစ္စတွေကိုလည်း စုပေါင်းအလှူလေးတွေ ပြုလုပ်လို့ နာရေးဖြစ်သူရဲ့ ရင်အပူကို ဝိုင်းကူလို့ ငြိမ်းစေခဲ့တဲ့ စုပေါင်းအလှူတွေ တော်တော်များများ ကြုံခဲ့ဖူးပါတယ်။ အခု အမှတ်ရတဲ့ နာရေးကိစ္စနဲ့ သောကရောက်နေသူ တစ်ဦးရဲ့ ရင်အပူကို ဖေးကူခဲ့ပုံက သာမန်အလှူမဟုတ်ဘဲ အနုပညာအလှူဖြစ်နေပါတယ်။
ဒီအနုပညာအလှူမှာ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းက သင်တန်းသားတွေရဲ့ လက်ရာဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ အပြင်လောကက ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ကြီးအတွက် သောကရောက်နေသူ ကာယကံရှင်ကို ဒီအနုပညာလက်ရာတွေနဲ့ နာရေးကူညီမှုကို နှလုံးသားနဲ့ သူတို့ပြုလုပ်ခဲ့ကြပါတယ်။
တောင်မြင့်မိုရ်
အမြင့်ဆို ခေါင်ကတစ်။
အမေ့မေတ္တာနဲ့
နှိုင်းယှဉ်ကာ သူတုတော့
ဂမု ငယ်ဖြစ်။
ကဗျာဆရာ ကံထွန်းသစ်ရဲ့ ကဗျာထဲက အပိုဒ်လေးတစ်ပိုဒ်ပါ။ ဒီကဗျာကို မွေးနေ့တွေကို ထောင်ထဲမှာလုပ်တိုင်း မကြာခဏရွတ်ဆိုဖြစ်တယ်။ အခုဒီအနုပညာပြပွဲမှလည်း ဒီကဗျာနဲ့ ဆင်တူတဲ့ ပန်းချီကားတစ်ချပ် ပါဝင်လာတယ်။ ဒီပန်းချီကားချပ် ဖန်တီးသူက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ပါ။ ကိုဌေးကြွယ်ဟာ ထူးခြားတဲ့ အနုပညာစွမ်းရည်ရှိသူ ဖြစ်တယ်။ ကဗျာတွေကို ပြောင်မြောက်စွာ ရေးဖွဲ့နိုင်သလို သီချင်းမျိုးစုံကိုလည်း တကယ့်အဆိုရှင်လို သီဆိုနိုင်တယ်။ ဒီ့ထက်ပိုတဲ့ စွမ်းရည်ကတော့ ဦးခင်မြင့်အောင်ရဲ့ ပန်းချီသင်တန်းမှာ အပြောင်မြောက်ဆုံး လက်စွမ်းကို ပြနေသူလည်းဖြစ်တယ်။ အခု အနုပညာပြပွဲကျတော့ သူရဲ့လက်ရာပန်းချီကားဟာ ရက်တွေ၊ နှစ်တွေ ကြာညောင်းပေမယ့် နှလုံးသားပြခန်းထဲမှာ ဒီပန်းချီကားက ပုံစံမပျက် ခင်းကျင်းထားဆဲ ဖြစ်တယ်
ပန်းချီကားကို အမေလို့ပဲ နာမည်ပေးထားတယ်။ ဒါပေမယ့် ဒီအမေဟာ လှိုင်းလေတွေကို ကျော်ဖြတ်ပြီး ထောင်ထဲက သားထံကို မပျက်မကွက် ချီတက်ခဲ့တဲ့ အမေဖြစ်တယ်။ ပန်းချီကားကတော့ လှိုင်းလေတွေကို ဖြတ်သန်းနေတဲ့ လှေငယ်ရှင်ပါ။ တကယ်အပြင်မှာကတော့ သောကလှိုင်းတွေ၊ ဒုက္ခလေပြင်းတွေကို ဖြတ်သန်းခဲ့ရတာပါ။ ထောင်ထဲက အခန်းကျဉ်းလေးထဲမှာ သူ့ကိုမျှော်ရှာမယ့် သားဆီ စားစရာတွေအပြင် မေတ္တာတွေကိုပါ လာရောက်ပေးနေသူပါ။ အသက် ၅၀ နီးပါး ဖြစ်နေတဲ့ သားကို လူမမယ်လေးလိုပဲ မှတ်ထင်နေဆဲပါ။ အစပထမက ပန်းချီကားလေးကို ဒီလောက်လေးပဲ ခံစားမိခဲ့တာပါ။ မကြာခင်ရက်ပိုင်းက ကာယကံရှင်နှင့် စကားပြောဖြစ်တော့ ဒီပန်းချီကားလေးအကြောင်းက ထိပ်ဆုံးကပါလာတယ်။
“လူပျိုကြီး ခင်ဗျားအမေရဲ့ ရက်လည်တုန်းက လုပ်ခဲ့တဲ့ ပန်းချီပြပွဲလေးအကြောင်း မှတ်မိလားဗျ ”
ဦးဇင်းက ကာယကံရှင်ကို မေးလိုက်မိတယ်။ သူ့စိတ်ထဲက အတိတ်ဟာ လတ်လတ်ဆတ်ဆတ် ဖြစ်နေပုံရတယ်။ ပန်းချီကားတစ်ခုချင်းစီကို သူအမှတ်ရနေတယ်။ ဦးဇင်းသိချင်တဲ့ လှိုင်းလေကြားက လှေငယ်ရှင် ပန်းချီကားအကြောင်းကို မေးမိတယ်။
“ထောင်ဝင်စာ ထွက်တုန်းက မြင်ကွင်းကို ကိုဌေးကြွယ်က သေသေချာချာတွေ့လိုက်တာကို ဦးဇင်းရဲ့”
ဦးဇင်းက ထောင်ဝင်စာတွေ့တဲ့ အမေကို စိတ်မှန်းခံစားပြီး ရေးဖွဲ့ခဲ့တယ်ထင်တဲ့ ပန်းချီကားဟာ သာမန်မဟုတ်ဘဲ နောက်ခံအကြောင်းအရင်းပါ ရှိနေတာကို သိလိုက်ရတယ်။
“ဖြစ်ပုံကဒီလို ဦးဇင်းရဲ့ အဲဒီနေ့က တပည့်တော်တို့ သုံးယောက်ထောင်ဝင်စာထွက်ကြတယ်။ တပည့်တော်ရယ်၊ ဒေါက်တာအေးချမ်းရယ် ကိုဌေးကြွယ်ရယ် သိတဲ့အတိုင်း သာယာဝတီထောင်မှာ ထောင်ဝင်စာတွေ့ရတာက မတ်တပ်ရပ်တွေ့ရတာ မဟုတ်လား။ ဟိုဘက်ဒီဘက် သံဇကာခြားပြီး စကားပြောကြတာလေ။ စကားပြောလို့ ကောင်းတုန်းမှာပဲ အသက်အရွယ်ကြီးရင့်တာရယ်၊ ခရီးပန်းတာရယ်နဲ့ အမေဟာ မူးတယ်၊မူးတယ်ဆိုပြီး ထိုင်ချလိုက်တယ်။ ဒီ့တော့ တပည့်တော်ကလည်း စိုးရိမ်ပြီးတော့ ထိုင်ချလိုက်ရတာပေါ့။ သံဇကာကိုကိုင်ပြီး ခေါင်းငိုက်စိုက်ချထားတဲ့ အမေဟာ ခဏအကြာမှာ နည်းနည်းသက်သာသွားပုံရတယ်။ မျက်လုံးကိုဖွင့်ပြီး အကြည့်မှာ သူပထမဦးဆုံး မြင်လိုက်တာက တပည့်တော်ရဲ့ ခြေထောက်ကိုပဲ။ ထောင်ထဲက ဖိနပ်သဲကြိုးဆိုတာက ဦးဇင်းသိတဲ့အတိုင်းလေ”
ထောင်ထဲက အဖြစ်အပျက်လေးတွေကို ပြေးအမှတ်ရမိတယ်။ ထောင်ဝင်စာချို့တဲ့သူ တချို့ဟာ ဖိနပ်သဲကြိုးကို ပုံစံအမျိုးမျိုးပြုလုပ်ပြီး စီးကြတယ်။ တချို့က ပလပ်စတစ်ကို ကြိုးဆွဲပြီး ဖွတ်မီးထိုးပြီး သဲကြိုးအဖြစ် လုပ်ကြတယ်။ တချို့ကျတော့ သွေးသွင်းပိုက်၊ ဂလုကို့စ် ပိုက်တွေကို သဲကြိုးအဖြစ် ပြုလုပ်ပြီး ဖိနပ်အခက်အခဲကို ဖြေရှင်းကြတယ်။ အခု လူပျိုကြီးရဲ့ ခြေထောက်မှာ ဂလုကို့စ်ပိုက်ကို ဖိနပ်သဲကြိုးအဖြစ် ပြုလုပ်ထားတယ်။ မူးမေ့ပြီးဝေဒနာခံစားရတဲ့ လူပျိုကြီးရဲ့ အမေဟာ သတိရရချင်း သားရဲ့ ခြေထောက်ကိုမြင်မိတယ်။ သာမန်လူတွေ အမှုမဲ့အမှတ်မဲ့ဖြစ်ပေမယ့် သားနှင့် ပတ်သက်လာရင် ဘယ်အမေမှ အမှုမဲ့အမှတ်မဲ့ မရှိတာကို တွေ့လိုက်ရတယ်။ အသက်အရွယ် အိုမင်းရင့်ရော်နေပေမယ့် သားနှင့်ပတ်သက်လာရင် အမေတိုင်းဟာ နုပျိုနေတယ်ဆိုတာ ဒီအဖြစ်အပျက်က ပြောပြနေတယ်။ သတိရရချင်း အမေနဲ့ အဖော်လိုက်လာတဲ့သူကို အမေက
“အိမ်ပြန်ရောက်တာနဲ့ ဖိနပ်ဝယ်ဖို့ မမေ့နဲ့၊ သေချာမှတ်ထား”
ဒီအဖြစ်အပျက်တွေကို ကိုဌေးကြွယ်အစအဆုံး မြင်တွေ့လိုက်တယ်။ သူ့ရဲ့ ပန်းချီကားထဲမှာ ခံစားမှုအားလုံးကို ထည့်လိုက်နိုင်တယ်။ ကိုဌေးကြွယ်ရဲ့ အသံတိတ်ကဗျာတစ်ပုဒ်ဟာ နှစ်များစွာကြာတဲ့အထိ အလုပ်လုပ်နေဆဲဖြစ်တယ်။
ဒီစာစုလေးကို ရေးဖွဲ့နေတုန်းမှာ ကာယကံရှင်ဖြစ်တဲ့ လူပျိုကြီးနှင့် သူ့အမေရဲ့ ဇာတ်ကြောင်းအပြင် ပန်းချီကားဖန်တီးရှင်ဖြစ်တဲ့ ကိုဌေးကြွယ်ကိုပါ အမှတ်ရနေတော့တယ်။ ကိုဌေးကြွယ်တစ်ယောက် အခန်းကျဉ်းလေးထဲမှာ အနုပညာမျိုးစုံကို ဖန်တီးနေမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိဘူး။ မြန်မာပြည်သူတို့အတွက် နှစ်တွေ၊လတွေ၊ အချိန်တွေ ပေးဆပ်လို့ အမေရဲ့ မေတ္တာအကြောင်းကို ကဗျာတွေ၊စာတွေ၊ သီချင်းတွေ သီဖွဲ့၊ ပန်းချီကားတွေရေးဆွဲပြီး နေမှာသေချာတယ်။ ကိုဌေးကြွယ်က နိုင်ငံရေးနှင့်အနုပညာကို ရောစပ်ထားတဲ့သူလို့တောင် ပြောလို့ရပါတယ်။ သားတွေအတွက် အထုပ်ပိုက်ပြီး ထောင်ဝင်စာတွေ့နေရတဲ့ အမေတွေကို သူ ပန်းချီရေးဆွဲနေပါလိမ့်မယ်။ အများအတွက် ခံစားရေးဖွဲ့ပေးခဲ့တဲ့ လက်ရာရှင်ကိုယ်တိုင် မိခင်ရဲ့နောက်ဆုံးခရီးကို အခန်းကျဉ်းလေးထဲကနေ တိတ်တဆိတ်ပို့ဆောင်ပေးခဲ့ရသူဖြစ်နေပါတော့တယ်။ု ဒီတော့သူလက်ရာတွေထဲမှာအမြင်ခံစားမှုပါမက ရင်ခံစားမှုကိုပါထည့်ပြီးရေးဖွဲ့တော့မှာပါ။ မိခင်အိုတို့ရဲ့ သောကနဲ့မေတ္တာကြောင့် ဖြစ်ပေါ်လာမယ့် ဇာတ်လမ်းတွေဟာ အပြီးမသတ်မချင်း ဒီလို ပန်းချီကားမျိုးစုံကို ရေးဖွဲ့နေရအုံးမှာပါပဲ။ အမေတို့ရဲ့ မျက်ရည်မပါတဲ့ ပန်းချီကားများစွာကို မြင်ချင်လှပါပြီ။ မြင်ခွင့်မရသေးတဲ့ ဒီကာလမှာ အမေတို့ရဲ့မျက်ရည်အကြောင်းကိုပဲ စာဖွဲ့နေရအုံးတော့မှာပါ။

အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း

1 comment:

  1. တပည့် တော်လာဖတ်သွားပါတယ်ဘုရား။ ဗဟုသုတရသလို ရင်ထဲလဲခံစားရတာမို့ ကျေးဇူးတင်ပါတယ်ဘုရား။

    ReplyDelete