တချို့သတင်းစကားများက ဘာမှ ရင်ကို ထိခိုက်ခြင်း မရှိသော်လည်း သတင်းစကားတချို့ကြတော့ အတွေးပေါင်းစုံဖြင့် ခံစားမှု များစွာကို ဖြစ်စေခဲ့ပါတယ်။ မမာမာဦး အဖေ ဆုံးပြီဆိုတဲ့ သတင်း စကားကြားတော့ ခံစားမှုပေါင်းများစွာ ရင်ကို လှုပ်နှိုးလိုက်တယ်။ အလားတူ ဖြစ်ရပ်များစွာက စိတ်ထဲမှာ အလျှိုအလျှိုပေါ်လာတယ်။ တကယ်က မမာမာဦးကို ထောင်ဝင်စာ ပုံမှန်တွေ့နေတာကလည်း ဆုံးသွားတဲ့ အဖေ တစ်ယောက်တည်းဆိုတော့ သေသွားသူ ဒုက္ခထက် ကျန်ရစ်သူ ဒုက္ခက ပိုကြီး နေတယ်။ နှစ်ပေါင်း ၇၀ ပြစ်ဒဏ်ချခြင်းခံရသူ၊ နေထိုင်ရာမြို့ကနေ ညအိပ် ခရီးရှည် သွားရမည့် နေရာမှာ ဘယ်ဆွေမျိုးက အချိန်ကုန်ခံပြီး သွားတွေ့ပေးပါ့မလဲ။ သွားပြန်ရင်လည်း ပုံစံ ၁၀ အိမ်ထောင်စု စာရင်းဝင် မဟုတ်ရင် ဘယ်ထောင်က ပေးတွေ့ မှာလဲ။ တောင်ငူထောင်က ထောင်ပိုင်ကြီး ဦးငွေစံတို့လို လူစိတ်ရှိတဲ့ ထောင်ပိုင်မျိုးသာ ဒီအခက်အခဲကို ကူညီနိုင်မယ်။ စစ်တပ်ကို မျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ ထောင်ပိုင်မျိုးဆို ထောင်ဝင်စာ သွားတွေ့သူကိုတောင် ပြဿနာရှာနိုင်တယ်။ မမာမာဦးအတွက် အခက်ခဲတာတော့ တော်တော်ကြီးကို ကြီးမားတယ်။ ထောင်ထဲမှာ နှစ်ရှည်နေရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရမယ့် အထဲမှာ သက်ကြီးရွယ်အို မိဘများရဲ့ ကျန်းမာရေး၊ နာရေးကအစ ကြိုတင်တွေးတောထားရမယ့် အထဲမှာပါတယ်။ ဖြစ်နိုင်တာတွေကို ကြိုတင်မပြင်ဆင်ထားခဲ့ရင် တကယ် ရင်ဆိုင်တွေ့ကြုံရတဲ့အခါ စိတ်တင်ထိခိုက်တာ မဟုတ်ဘူး၊ လူပါ ဘုံးဘုံး လဲသွားတတ်တယ်။ မျှော်လင့်ချက်ကြီးစွာထားတဲ့ ကိစ္စတွေထဲမှာ မိသားစုနဲ့ ပျော်ရွှင်စွာ ပြန်လည်ဆုံတွေ့လိုခြင်းက ထိပ်ဆုံးမှာရှိတယ်။
ထောင်ထဲမှာ ရှိနေတုန်း အပြင်က အဖေ၊ အမေ တစ်ဦးဦး ဆုံးသွားတဲ့ အဖြစ်အပျက်မျိုးကို မကြာခဏ ကြုံတွေ့ဖူးတယ်။ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲမှာ မမေ့ပျောက်နိုင်တဲ့ နာရေးနှစ်ခုကို စိတ်ထဲမှာ စွဲနေတယ်။ ထောင်အပြင်က မိသားစုက ထောင်ထဲကလူ စိတ်ဒဏ်ရာ မရစေချင်လို့ ဖုံးကွယ်ထားတဲ့ ကိစ္စတွေများစွာရှိမယ်။ အထူးသဖြင့် မိသားစုထဲက တစ်ဦးဦးရဲ့ နာရေး ကိစ္စကို ပြောပြမထားဘဲ ဖုံးကွယ်ထားတတ်ကြတယ်။ ဒီဖုံးကွယ်မှုက ကာယကံရှင်ကသာ မသိတာ ကျန်တဲ့သူတွေက အားလုံးသိနေကြတယ်။ အဲဒီတော့ ကာယကံရှင်အတွက် မိသားစုအလိုကျ ဝိုင်းဖုံးကွယ်ပေး ထားကြရတာပေါ့။ သူမသိစေချင်လို့ အပြင်ဘက်က ဆုံးသွားသူနှင့် ပတ်သတ်တဲ့ စကားအရိပ်အရောင်ကိုတောင် မဟ မိဖို့ ကြိုးစားကြရတယ်။
အဖြစ်အပျက်တစ်ခုက ၈၈ ခုနှစ်က နာမည်ကြီးသွားတဲ့သူပါ။ ဘီဘီစီနှင့် ဆက်သွယ်ပြီး နေ့စဉ်အဖြစ်အပျက် တွေကို ကြိုးစားဖော်ထုတ်ပေးနေသူ။ အင်္ဂလိပ်သတင်းထောက် ခရစ်စတိုဖာဂါးနက်ကို ကူညီနေတဲ့ ဘီဘီစီ ဦးနေမင်းဆိုတာ ၈၈ ထဲက နိုင်ငံရေးလောကကို ဝင်လာသူတိုင်း သိကြတယ်။ သူ့ကို လာတွေ့တဲ့ နှမတစ်ယောက်ဟာ ထောင်ဝင်စာတွေ့ပြီး အပြန် ကား Accident နဲ့ လမ်းမှာ ဆုံးသွားတယ်။ ဒီသတင်းကို သူ့အိမ်က ဦးနေမင်းကို ပေးမသိဘူး။ ဆုံးသွားတဲ့ နှမက မကြာခဏ ထောင်ဝင်စာ လာတွေ့တတ်သူဆိုတော့ ဦးနေမင်းက အဲဒီ နှမ အကြောင်းကို မေးမှာပဲ။ ဒီအတွက် သူ့အိမ်ကလည်း ကြိုတင်ပြင်ဆင်ထားတယ်။ ဆုံးသွားတဲ့ နှမ ရှမ်းပြည်ဘက်ကို အလုပ်ပြောင်းသွားရပြီလို့ ဦးနေမင်းကို ပြောထားတယ်။ တခါတခါ ရှမ်းပြည်ထွက် ပစ္စည်းလေးတွေတောင် ထောင်ဝင်စာမှာ ပါလာအောင် အိမ်ကစီစဉ်တယ်။ ရှမ်းပြည်ပြောင်းသွားတဲ့ နှမက ထောင်ထဲက သူ့အစ်ကိုဆီ စားစရာပို့ပေးတဲ့သဘောပေါ့။ ဒီလို ပိပိရိရိ အိမ်က လုပ်ထားတော့ အတူနေ ရဲဘော်တွေကလည်း သိသိနဲ့ နေပေးရတာပေါ့။ သူ့နှမက အမှတ်တရပေးလိုက်တဲ့ ပစ္စည်းတွေ၊ စားစရာတွေကို ရဲဘော်တွေကို ညီမကပေးလိုက်တာ ဆိုတဲ့ စကားနဲ့ ဝေငှတိုင်း လက်ခံယူရသူတွေရဲ့ ရင်ထဲမှာ စိတ်မကောင်းခြင်း တွေနဲ့ လက်ခံရတယ်။ သူကတော့ သူ့ညီမရဲ့ အမှတ်တရ ပစ္စည်းဆိုပြီး ကြည်နူးနေချိန်မှာ အဖြစ်မှန် သိနေတဲ့ ကျန်ရဲဘော်တွေကတော့ မချိတင်ကဲ ခံစားရတယ်။ သောကဖြစ်ရမယ့်သူက ပိတိဖြစ်ပြီး သောကနဲ့ မဆိုင်သူက ရင်နင့်ရတဲ့ အဖြစ်အပျက်ပါ။ အပြင်က လူတွေကလည်း သူ့ကို ထောင်ဝင်စာ တွေ့ပြီး အပြန်မှာ ဒီလို Accident ဖြစ်တယ်ဆိုရင် ကာယကံရှင် ဦးနေမင်း ပိုခံစားရမယ်လို့ တွက်တယ်။ ဒါနဲ့ပဲ ထောင်ဝင်စာလာတိုင်း ဦးနေမင်းဆီ ရှမ်းပြည်ရောက်ညီမရဲ့ လက်ဆောင်ပစ္စည်းတွေပါ ပါလာစမြဲပဲ။ လက်ဆောင်တွေပါတိုင်း သူကတော့ ပျော်လို့။ ဦးဇင်းတို့ မှာသာ ………….
နောက်တစ်ယောက်က ဦးနေမင်းနဲ့ မခြားပါဘဲ အားလုံးဝိုင်း ဖုံးကွယ်ပေးရတဲ့ နာရေးကိစ္စ တစ်ခုပါ။ ထောင်ကျသူတိုင်းရဲ့ စိတ်မှာတော့ တော်တော်များများက စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ ဒါပေမဲ့ အပြင်မှ လူများက ထောင်ကျနေတဲ့ တစ်ဒုက္ခ အပြင် စိတ်သောက ရောက်တဲ့ နောက်ထပ် ဒုက္ခတစ်ခု မဖြစ်စေချင်တဲ့ တကယ့်စေတနာနဲ့ ဖုံးကွယ်ထားကြတာပါ။ အိမ်ကလူတွေက မသိစေချင်တော့ အထဲက ရဲဘော်တွေကလည်း ဝိုင်းဖုံးကွယ်ပေးထားရတယ်။ တကယ်တော့ အားလုံးရဲ့ လူသားဆန်တဲ့ စေတနာတွေကို တွေ့နေရပါတယ်။
သူကတော့ ၄၈၂၈ အတွဲထဲက ကိုရဲဝင်းပါ။ ကိုရဲဝင်းရဲ့ အဖေက အရာရှိဟောင်းဆိုတော့ အစိုးရ ကိစ္စတွေ သတင်းကိစ္စတွေ သူများထက်ပြောတတ် ဆိုတတ်တယ်။ သူ့အဖေဆီက သတင်းစကားတွေကိုလည်း ရဲဘော်အားလုံးက စောင့်မျှော်ကြတယ်။ သူ့ရဲ့ နာမည်က ဦးကိုး မို့ ကိုဂျင်မီက ချစ်စနိုးနဲ့ မစ္စတာနိုင်း ဆီက ဘာသတင်းထူးလဲလို့ မေးလေ့ရှိတယ်။ ကျန်းမာရေး အရ ခွဲစိတ်ကုသခံထားရတာမို့ သူ့ရဲ့ အစာဟောင်းအိမ် အပြင်ထုတ်ထားရတယ်။ ဒီအဘရဲ့ မေတ္တာကို တွေ့ရတော့ မိဘမေတ္တာဆိုတာ ကြီးမားကြောင်း သဘောပေါက်ရတယ်။ အိပ်ယာထဲလဲနေတဲ့ မိခင်ကြီး အကြောင်းကို ကိုရဲဝင်း မသိအောင် ဖုံးကွယ်ပေးထားတယ်။ တကယ်က သူ့မိခင်ကြီးက အပြင်လောကမှာ ဆုံးနေပြီ။ ဒီသတင်းကို ကိုရဲဝင်းထံ မရောက်ဖို့ ပိတ်ဆို့မှု မျိုးစုံနဲ့ တားဆီးထားတယ်။လူ တစ်အုပ်ကြီး ထောင်ဝင်စာ လာတွေ့တယ်။ အဖော်တွေကပါ ဦးကိုးရဲ့အလိုကျ ကိုရဲဝင်းမသိအောင် ဝိုင်းနှုတ်ပိတ်ထားကြတယ်။ ကျန်တဲ့ ရဲဘော်တွေ အားလုံးကတော့ သိနေကြပြီလေ။ မိသားစုအလိုကျ ကိုရဲဝင်းမသိအောင် စကားလုံးတွေ အစ မထွက်အောင် ထိန်းပေးကြတာပေါ့။
ကိုရဲဝင်းဆိုတာက ထောင်နှစ်ခါကျတဲ့သူ ဗိုလ်ချုပ်ကျော်စော အပြင်ထွက်တဲ့ကိစ္စ စီစဉ်ကူညီပေးခဲ့လို့ ပထမတစ်ကြိမ်ကလည်း ထောင်တစ်ခါကျခဲ့သေးတယ်။ သူ့ဆီက ထောင်တွင်းအတွေ့အကြုံတွေကို နားထောင်ရစဉ်က သူပြောတဲ့စကားတွေကို မှတ်မိနေတယ်။
"ကျွန်တော်တို့ ဟိုတစ်ခါ ထောင်ကျတုန်းက သူငယ်ချင်းတစ်ယောက် သူ့ရည်းစား မင်္ဂလာဆောင်တဲ့ သတင်းစာဖြတ်ပိုင်းလေးကို ရတော့ တော်တော် ခံစားသွားရတယ်"
ဒါက သူပြောပြတဲ့ စကားပါ။ အဲဒီအချိန် ဦးဇင်းတို့ ထောင်ထဲမှာ သတင်းစကားတွေ အားလုံး ပိတ်ဆို့တားဆီးခြင်း ခံထားရတဲ့အချိန်လေ။့ အကျဉ်းသား အားလုံးရဲ့ သတင်းစကားရဖို့ ပြတင်းပေါက်ဟာ ဆေးလိပ်ဖင်စီခံ လေးပါ။ အစီခံကို ပတ်ထားတဲ့ သတင်းစာ အပိုင်းလေးတွေဟာ အပြင်လောကကို ကြည့်ဖို့ တခါးပေါက်လေးတစ်ခုပေါ့။ ဦးဇင်းတို့ရဲ့ ပြတင်းတံခါးလေးကများ ကိုရဲဝင်း အမေရဲ့ နာရေးသတင်းလေးများ ဝင်လာခဲ့ရင် ဖုံးထားသမျှ အားလုံးပေါ်ပြီ။ သူကလည်း သူ့အမေနဲ့ ပတ်သက်သမျှ မကြာခဏ ပြောပြတတ်တော့ ကြားရသူတွေ ရင်ထဲဘယ်ချိပါ့မလဲ။ သူ့အသိထဲမှာအမေ အိပ်ယာထဲ လဲနေတယ်ပဲ သိသွားတယ်။အိမ်ကိုလဲအမေ အကြောင်းမကြာခဏမေးနေတဲ့ပုံပဲ။ သူမေးတိုင်းထောင်ဝင်စာလာတွေ့တဲ့အဖေက ဖုံးကွယ်နေရတာပေါ့။ ဒါပေမယ့် ကိုရဲဝင်းအမေရဲ့ နာရေး ကိစ္စ ကိုရဲဝင်း လွတ်တဲ့အထိ မသိသွားဘူး။
သူများအကြောင်းတွေကိုသာတွေးနေ ရေးနေတယ်။ဦးဇင်းကောဘယ်လိုတွေရင်ဆိုင်ခဲ့သေးလဲ မေးရင် ဖြေရမည့်စကားကဦးဇင်းလည်းထူးမခြားနား ကြုံခဲ့ရပါတယ်လို့ပြောရမှာပါ။ ဒီလိုနာရေးကိစ္စပြောရမည့်သူတွေစာရင်းမှာ ဦးဇင်း
လဲ ပါနေတာကို။ ဦးဇင်းနဲ့ဦးဇင်းအဖေအကြောင်းက တရွာလုံးပြောစမှတ်တွင်မည့်အဖြစ်တွေ ရှိခဲံ့တယ်။ အဖေနဲ့သား အယူအဆမတူတာ တစ်ပိုင်း ။ဘယ်လောက်ပဲ အယူအဆ ကွဲလွဲနေပါစေ သားဒုက္ခရောက်တော့ ကသောကမျောတရား ရုံးကိုရောက်လာတယ်။တစ်ဆယ့်လေးရက်တခါ သူကိုယ်တိုင်လာတယ်။လိုအပ်တာတွေကိုဂရုတစိုက်လုပ်ပေးတယ်။ဆယ်နှစ်
လုံး သူမလာနှိုင်ရင်တောင် အမတွေညီမတွေကို ရက်တိတိကျကျသွားအောင်လွှတ်ပေးတယ်။ ၂၀၀၃ခုမိုးတွင်းမှာ အဖေမလာတာ ရက်တော်တော်ကြာသွားတယ်။ခါတိုင်းလိုပဲ အာဂန္တုဖျား တခုခုလို့ ပဲထင်နေတာ။
ဦးဇင်းထံမရောက်စေလိုတဲ့ သတင်းစကား ကို သူတို့ လုံအောင်မပိတ်ဆို့နှိုင် ခဲ့ဘူး။အဖေဆုံးပြီးနောက်သုံးလလောက် အ
ကြာမှာ ဦးဇင်းထံ သတင်းစကားကရောက်လာပြီ။မကြာခင်ရောက်လာတဲ့ထောင်ဝင်စာမှာ မသိသလိုနဲ့
“အဖေနေကောင်းလား”
ဒီစကားကိုမေးလိုက်တယ်။သူတို့မျက်နှာကိုလဲသေသေချာချာသတိထားကြည့်နေလိုက်တယ်။အဲ့ဒီအချိန်အတော်ဆုံးသရုပ်
ဆောင်ရွေးရင် ဦးဇင်းအမကြီး ရမှာသေချာတယ်။မျက်နှာတချက်မပျက်ဘူး မလာခင်ထဲကတော်တော်ပြင်ဆင်ထားပုံရတယ်။
“အဖေနေမကောင်းတာ သက်သာလာပါပြီဦးဇင်းကိုကျန်းမာရေးဂရုစိုက်တဲ့မှာလိုက်တယ်”
ဒီတော့ ဦးဇင်းလဲမနေနှိုင်တော့ဘူးသိထားတာတွေပြောပြလိုက်တယ်။
“အဖေဆုံးတာငါသိပြီးပါပြီငါက ကြုံတွေ့နှိုင်တာတွေကိုကြိုတွေးထားပြီးသားပါ”
ကိုယ့်ကိုယ်ကို ခံနှိုင်ရည် ရှိတဲ့ပုံနဲ့ဦးဇင်းကပြောတော့ ။အမကြီးရှိုက်ကြီးတငင်ငိုတယ်။ပြီးတော့
“အမကြီးတို့မောင်လေးကိုမပြောဖို့တိုင်ပင်ထားကြတာအပြင်ကလူထက်အထဲက လူကပိုခံစားရမယ်လေ ဒါကြောင့်မပြောတာပါ”
သူကဆက်ပြီး အဖေဆုံးခါနီး အဖြစ်အပျက်တွေကိုပြောပြတယ်။
“အဖေဆုံးခါနီးတော့ သတိမရတချက်ရတချက်အချိန်မှာ အဖေတရားမှတ်တရားမှတ်လို့သတိပေးတော့သူသိကြောင်းအမူအ
ယာပြတယ် ခုပြောနေတာ ဘယ်သူလဲသိလားဆိုတော့ ငါသိပါတယ် ဦးဇင်းပါ တဲ့ ”
အမကြီးက ပြောရင်း ပိုရှိုက်သံထွက်လာတယ်။ဦးဇင်းလဲကိုယ့်ကိုယ်ကိုတော်တော် ပြင်ဆင် ထားပြီမှတ်တာ ရင်ထဲဆို့လာမှ
မျက်လုံးတွေလဲဝေဝါးနေတာသတိပြုမိတော့တယ်။အဖေ နောက်ဆုံးအချိန်မှာ ဘယ်သူ့ကိုတွေ့ချင်နေမှန်းသိသာတယ်။အဖေရဲ့နောက်ဆုံးစိတ်ကူးထဲ အတွေးထဲမှာ အနီးနားဘယ်သူရှိစေချင်မှန်းသူ့စကားတွေ ပြနေတယ်။ ဒီလိုသောကတွေ ကိုမခံစားစေချင်လို့ အပြင်ကလူတွေ ကသတင်းစကားတွေကို လျှို့ဝှက်ထားကြတာကို။
ဦးဇင်းစိတ်မကောင်းဘူး။ထောင်ကျနေသူတစ်ဦးရဲ့အပြင်ဘက်က ဆွေမျိုးသားချင်းတစ်ဦးဦးရဲ့နာရေးဆိုပိုစိတ်ထိခိုက်ခံစားရတယ်။ မိသားစုဝင်တစ်ဦးဦး ရဲ့ထောင်ထဲကလူကိုမသိစေချင်တာကိုလဲကိုယ်ချင်းစာတယ်။သူတို့ နှုတ်ကိုပိတ်ထားစေတဲ့အကြောင်းရင်းကလဲခိုင်ခိုင်လုံလုံ
ရှိနေတာကို။
အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း

No comments:
Post a Comment